Wednesday, February 25, 2009

အာခီလိ(စ်)၏ဖနှောင့်အား ရှာတွေ့ခဲ့သူ....

အာခီလိ(စ်)၏ဖနှောင့်အား ရှာတွေ့ခဲ့သူ....

(က)
မြို့သစ်လေး၏ဤလမ်းငယ်လေးအတွင်းသို့ကျနော်တို့မိသားစုနှင့်ဦးဝင်းမြင့်မည်သူကအယင်ပြောင်းရွေ၍စတင်နေထိုင်ခဲ့ကြသည်ကိုကျနော်မမှတ်မိတော့...။ကျနော်မှတ်မိနေသည်က..မူလတန်းကျောင်းစအပ်သည့်နေ့တွင်အမေသည်ကျနော့အားကျောင်းသို့လက်ဆွဲ၍လိုက်ပို့ရသည်။ကျနော်ကကျောင်းသို့မသွားချင်..၊ယက်ကန်ယက်ကန်နှင့်ပေကပ်ကပ်လုပ်၍နေ၏။သူငယ်တန်းကြ်ီး၏ပထမနှစ်ဝက်စာသင်နှစ်အားကျနော်သည်အခြားကျောင်းတွင်နေခဲ့ရပြီးယခု..ဒုတိယနှစ်ဝတ်စာသင်နှစ်ကျောင်းပြန်အဖွင့်တွင်မှဤမြို့သစ်မူလတန်းကျောင်းသို့ပြောင်း၍တက်ရမည်ဖြစ်ရာအသစ်ဖြစ်နေ၍ကျနော်ကျောင်းမတက်ချင်...၊ဆရာမများနှင့်လည်းမသိ..၊သူငယ်ချင်းများလည်းတစ်ယောက်မှမရှိသဖြင့်ကျနော်ကျောင်းသို့မသွားချင်...။ပေကပ်ကပ်လုပ်နေ၏။ဤတွင်..အလုပ်မှပြန်လာသောဦးဝင်းမြင့်နှင့်ကျနော်တို့သားမိလမ်းတွင်ဆုံကြ၏။ဦးဝင်းမြင့်သည်ကျနော်ပေကပ်ကပ်လုပ်နေပုံအားကြည့်၍ရယ်၏။ပြီးလျှင်..ကျနော့ခေါင်းအားပုတ်ပြီး`မောင်လူမွေးလားကွ´ဟုပြော၏။ပေကပ်ကပ်လုပ်နေရာမှကျနော့်ခေါင်းအားပုတ်ပြီးကျနော့အားမောင်လူမွေးလားကွဟု့ပြောသည့်လူကြီးအားမော့ကြည့်လိုက်မိသည်။လျှာထိုးကပ်ဦးထုပ်အပြာ၊ဇင်ပြာရောင်ဝတ်စုံနှင့်လူကြီးတစ်ဦးအားတွေ့ရသည်။သူကားပြုံး၍ကျနော့အားကြည့်နေသည်၊သူ့မျက်နှာပြည့်ပြည့်ဖြိုးဖြိုးသည်အပြုံးနှင့်ဝင်းပနေသည်။သူ့အပြုံးကနှစ်လိုဖွယ်အပြုံး...။ပြီးလျှင်...ကျနော့်အမေအားဆို၏။
`ခလေးကျောင်းမသွားချင်သေးရင်လည်းတစ်ရက်နှစ်ရက်ထားလိုက်ပါဦး...ဒီရက်တွေကအမကြီးသိတဲ့အတိုင်းပဲကျောင်းမှာဆရာတွေကစာသင်မှာမှမဟုတ်တာ..ဆန္ဒခံယူပွဲကိစ္စတွေနဲ့ကျောင်းမှာတောင်ဆရာတွေအစုံရှိမှာမဟုတ်ဘူး...န.လ.ကရုံးမှာပဲရောက်နေကြမှာ...´
ဦးဝင်းမြင့်၏စကားကြောင့်ထိုနေ့ကကျနော်ကျောင်းမတက်ရတော့...။ထိုနေ့မှစ၍ကျနော်ဦးဝင်းမြင့်အားခင်မင်သွား၏။ထိုနေ့က..မြို့သစ်လေး၏မူလတန်းကျောင်းတွင်ပထမဆုံးကျနော်ကျောင်းစတက်သည့်နေ့...။ ၁၉၇၃ခုနှစ်...။

(ခ)
ဦးဝင်းမြင့်၏အိမ်က ကျနော်တို့လမ်းထိပ်တွင်ရှိသည်။ လမ်းထိပ်ဟုဆိုသော်လည်း နှင်းပုလဲမှ ဘီးလင်းသို့သွားသည့် ကတ္တရာလမ်း၊ လမ်းမကြီး၏လမ်းဆုံ၊ လမ်းထိပ်မဟုတ်.....။ ရပ်ကွက်ငယ်လေးအတွင်းရှိ မြေနီလမ်းလေး၏လမ်းဆုံ၊ လမ်းထိပ်တွင်ဖြစ်သည်။ သူ့အိမ်၏အရှေ့တွင် ပိတောက်ပင်ကြီးရှိ၏။ အရိပ်ကောင်း၏။ ကျနော်တို့ငယ်စဉ်က ထိုပိတောက်ပင်အရိပ်၌ ကျောင်းအားရပ်များတွင် ....ဂေါ်လီလိမ့်၏။ ကြေးနန်းရိုက်၏။ သရေကွင်းပစ်၏။ ကစားနည်းများရိုးသွားလျှင် .....ပိတောက်ပင်ပေါ်တတ်ပြီး ပိတောက်ပင်ပေါ်၌ တစ်ကိုင်းမှတစ်ကိုင်းကူးပြီး လိုက်တမ်းပြေးတမ်းကစားကြ၏။ မောလျှင် ....ဦးဝင်းမြင့်အိမ်သို့သွားပြီး ရေတတ်သောက်ကြ၏။ သူ့အိမ်တွင် သောက်ရေအိုးစင်မရှိ။ ရေနွေးဓါတ်ဗူးမရှိ။ စစ်တပ်မှသုံးသည့် ``ဟန်းကော`ချိုင့်နှင့် ကျိုထားသည့် ရေကျက်အေးအား မော့သောက်ရခြင်းဖြစ်သည်။ ကျနော်တို့ ကလေးတစ်အုပ်တတ်သောက်၍ သူ့ရေကျက်အေးကုန်သွားလျှင် ဦးဝင်းမြင့်သည် မီးထည့်၍ `ဟန်းကော`နှင့် ရေထပ်ကျိုပြန်၏။ ဦးဝင်းမြင့်က လူပျိုကြီးဖြစ်သည်။ ဤအရပ်သည်လည်း သူ့ဇာတိမဟုတ်.....။ သူ့ဇာတိက မည်သည့်အရပ်ဟူ၍လည်း ရပ်ကွက်အတွင်း မည်သူမျှ တိတိပပမသိ။ သူကလည်း မပြော....။ သူ၏ကိုယ်ရေးကိုယ်တာနှင့်ပတ်သတ်၍ ထုတ်ပြောသည်ဟူ၍မရှိ။ သူ၏မိဘဆွေမျိုးများသူ့ထံသို့ လာလည်သည်ဟူ၍လည်း တစ်ကြိမ်မျှမတွေ့ရ။ လူမလာ၍ ``စာ`` လာသည်လားဆိုလျှင်လည်း မလာ။ ဦးဝင်းမြင့်က သူ့ဘ၀၊ သူ့အကြောင်းအား မြုပ်ထားသည်ဟုဆိုရမည်။ အိမ်နီးချင်းများက သူ၏အမည် ``၀င်းမြင့်``သည်ပင်လျှင် ....အမှန်မှ ဟုတ်ပါလေစဟု ပြောကြဆိုကြရ၏။
ဦးဝင်မြင့်က အနေအထိုင်အစားသောက်တွင်လည်း ချိုးခြံရောက်ရဲနေနိုင်သူဟု့ ဆိုရမည်။ သူရသည့်လစာနှင့် တစ်ကိုယ်ရေတကာရသမား သူ့အနေနှင့် ရှိုးနှင့်တင့်တောင့်တင့်တယ်နေနိုင်သော်လည်း သူကား ....ဤသို့ မဟုတ်။ သူ့အား ကြည့်လိုက်လျှင် ....အမြဲတမ်း ဇင်ပြာရောင်ဝတ်စုံနှင့်တွေ့ရမည်။ အပြာရောင်ကပ်ဦးထုပ်က သူ၏ဦးခေါင်းတွင် နေပူမိုးရွာအမြဲဆောင်းထား၏။ကပ်ဦးထုပ်အပြာ၊ ဇင်ပြာရောင်ယူနီဖောင်းနှင့် သူရုပ်သွင်သည် ကျူးဘားနိုင်ငံမှ ပျောက်ကျားတော်လှန်ရေးခေါင်းဆောင်ကြီး ဖီဒယ်ကပ်စထရို၏ညီ ရောလ်ကပ်စထရိုနှင့်ပင် ဆင်ဆင်တူသေး၏။ သံလွင်ရောင်ယူနီဖောင်းနှင့် ဇင်ပြာရောင်ယူနီဖောင်းချင်းသာ ကွာ၏။ သူ၏ရေလဲပုဆိုးက ရေလဲလည်းလုပ်၏။ ကိုယ်သုတ်ပ၀ါလည်းလုပ်၏။ သကြားစက်ဝန်ထမ်းအိမ်ယာတွင် နေသည်ဖြစ်၍ လျှပ်စစ်မီးရ၏။ သို့သော်.... ထမင်းဟင်းချက်ပြုတ်ရာတွင် လျှပ်စစ်မီးနှင့်မချက်ပြုတ်။ အိမ်အလယ်၌ ထင်းမီးဖိုတစ်လုံးဖိုပြီး ချက်၏။ သူ့တွင်ဟန်းကောနှစ်လုံးရှိသည်၊တစ်လုံးကဟင်းချက်ရန်ဖြစ်ပြီး၊ကျန်တစ်လုံးကမူ ထမင်းနှင့်ရေနွေးအိုကျို၏။ ကြော်လှော်ရန် ဒယ်အိုးဟူ၍မရှိ....။ ထမင်းဟင်းထည့်စားရန် သံဇလုံကြီးတစ်လုံးရှိသည်။ ဦးဝင်းမြင့်၏မီးဖိုချောင်သုံးပစ္စည်းများက ဤမျှသာ....။ သူက အသောက်အစားလည်းမရှိ။ ကစားတော့ ကစားတတ်သည်။ သူကစားသည်ကလည်း ....တစ်ချက်မှောက်ကစားနည်းတစ်မျိုးတည်းကိုသာ စွဲစွဲမက်မက်ကစားခြင်းဖြစ်၏။ ကစားလျှင်လည်း ....အလုပ်ပိတ်ရက် စနေ၊တနင်္ဂနွေရက်များ၌ သူ့အိမ်တွင်ပင် ၀ိုင်းဖွဲ့၍ ကြိတ်ဝိုင်းထိုင်ခြင်းမျိုးဖြစ်၏။ အရှူံးအနိုင်က များများစားစားတော့မဟုတ်။ ငါးဆယ်မျိုး၊ တစ်ရာမျိုးကစားကြခြင်းသာ ဖြစ်သည်။ တစ်ချက်မှောက် မကစားလျှင်မူ ....ဦးဝင်းမြင့်က စစ်တုရင်ထိုး၏။ ကျနော်တို့လမ်းထဲရှိ လူငယ်အများစုသည် စစ်တုရင်ကစားတတ်ကြသည်။ ဦးဝင်းမြင့်သင်ပေးသဖြင့် ကစားတတ်ကြခြင်းဖြစ်၏။ ကျနော်တို့ငယ်ငယ်က သရေကွင်းပစ်၊ ဂေါ်လီလိမ့်ခဲ့ကြသည့် သူ့အိမ်ရှေ့ ပိတောက်ပင်ရိပ်သည် နောက်ပိုင်း ကျနော်တို့လူငယ်များ စစ်တုရင်ကစားရာ နေရာဖြစ်လာ၏။ ဦးဝင်းမြင့်အိမ်၌ စစ်တုရင်ခုံနှင့် အရုပ်များသုံးလေးစုံရှိ၏။ ကျောင်းပိတ်ရက်များ၌ သူ၏ပိတောက်ပင်ရိပ်အောက်၌ စစ်တုရင်ကစားဝိုင်းလေးများသည် ပြိုင်ပွဲကျင်းပနေသည်ကဲ့သို့ စည်ကား၍နေ၏။ သူသည် ဤသို့ပိတောက်ပင်ရိပ်၌ ကျနော်တို့လူငယ်များ စစ်တုရင်ကစားနေကြသည်အား သူ၏အိမ်ရှေ့ဝရံတာလက်တန်းပေါ်၌ထိုင်ပြီး ကြည့်နေတတ်၏။
သူ့အိမ်သည် မလှဲမကျင်းသဖြင့် ဖုန်များ၊ ပင့်ကူအိမ်များနှင့် ရှုပ်ထွေးနေ၏။ သုခိတာဆေးပေါ့လိပ်တိုများက နေရာအနှံ့ပြန့်ကျဲ၍နေသည်။ ဆေးပေါ့လိပ်၏ဖင်စီခံအတိုများက ဖင်စီခံတပိုင်းပျက်များ....။ ဦးဝင်းမြင့်က သုခိတာဆေးပေါ့လိပ်ကို တွင်တွင်ဖွာ၏။ ဆေးပေါ့လိပ်အား သူသောက်ပုံက နုတ်ခမ်းတွင်တေ့၍ သောက်ခြင်းမျိုးမဟုတ်....။ ဆေးပေါ့လိပ်ဖင်စီခံအား သွားနှင့် ကိုက်ခဲထားပြီး ရှိုက်ဖွာခြင်းဖြစ်သည်။ သုခိတာဆေးလိပ်တစ်လိပ်ကုန်သည်နှင့် ခဲထားသော ဖင်စီခံသည်လည်း ပြတ်ထွက်၍နေလေပြီ....။ သူ့အိမ်၌ ခုံတန်းရှည်တစ်လုံးရှိ၏။ ဤခုံတန်းရှည်က ဧည်သည်တို့လာလျှင် ထိုင်စရာခုံနှင့် ပြီးလျှင် သူ၏အိပ်စက်ရာ ကုတင်လည်းဖြစ်သည်။ ခုံတန်းရှည်ပေါ်၌မူ စာအုပ်ထူကြီး နှစ်အုပ်-သုံးအုပ်အား ဆင့်၍စီထား၏။ သိန်းဖေမြင့်၏ အရှေ့ကနေ၀န်းထွက်သည့်ပမာ...။ ဘ၀င်း၏ ရေသောက်မြစ်သုံးသွယ်နှင့် ကမ္ဘာနိုင်ငံရေးအဘိဓာန်။ ဤစာအုပ်များက သူခေါင်းအုံးလုပ်အိပ်သည့် စာအုပ်များဖြစ်ဟန်တူသည်။ ခုံတန်းရှည်ကြီး၏အောက်တွင်လည်း စာအုပ်များရှိသည်။ အခန်းထောင့်များတွင်လည်း နံရံနှင့်ကပ်၍ စာအုပ်များအား ထောင်၍ထားသည်။ အိပ့်ခန်းအတွင်း စာအုပ်များက အပြန့်ပြန့်အကျဲကျဲ....။ ဖုန်တို့နှင့်အလူးလူး အလုံးလုံး ....။ ဗန်းမော်တင်အောင်၊ လင်းယုန်သစ်လွင်၊ ဒဂုန်တာရာ၊ မဟာဆွေ၊ နန္ဒ၊ မြသန်းတင့်....။ ဂျာနယ်ကျော်ဦးချစ်မောင်တို့၏ စာအုပ်များ.....။ အချို့စာအုပ်များက အဖုံးများပင် မရှိတော့....။ ဤစာအုပ်များအား သူသည် မည်သို့များ တစ်ခုတ်တရစုဆောင်း၍ ဖတ်မှတ်ခဲ့ပါသနည်း။

(ဂ)
မဆလ၏ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းကြီးများက ဆိုရှယ်လစ်လုပ်သားကြီးများအား တစ်နှစ်ပြီးတစ်နှစ်ပို၍ ကျပ်တည်းနစ်မွန်းလာစေ၏။ ဆိုရှယ်လစ်အသီးအပွင့်တို့က ခန်းဆောင်နီတို့အတွင်း၌သာ ဖူးပွင့်၍သီးကင်းကာမှည့်ကြ၏။ ချွေးနှင့်ကြွက်သားသာရှိသော ဆိုရှယ်လစ်လုပ်သားကြီးများ၏ ပင်ရံထက်၌မူ မသီးပွင့်....။ ကုန်ဈေးနှုန်းက လုပ်သားကြီးတို့၏လုပ်ခလစာအား မထီမဲ့မြင်ပြုလာ၏။ ကြွေးကြော်သံနှင့်သဘောတရားက လုပ်သားကြီးတို့၏ ၀မ်းမီးအား မငြိမ်းနိုင်.....။ အူမက မတောင့်တော့....။ အူမတောင့်ရန် .... ``ည``ဂျူတီကျသည့် လုပ်သားတို့နေ့တွင် ဆိုက်ကားထွက်၍နင်းကြရ၏။
တစ်နေ့တာအတွင်း ကာယလုပ်ငန်း ၂-မျိုးအား လုပ်ကြရခြင်းဖြစ်သည်။ နေ့တွင် အနှေးယာဉ်လုပ်သား....။ ညတွင်မူ သကြားစက်ဝန်ထမ်း....။တစ်နေ့....အလုပ်ချိန်ကား ၁၆နာရီမှ ၁၈နာရီအထိ ရှိကြ၏။ ဤမျှလုပ်သော်လည်း သူတို့၏ မီးဖိုချောင်များက မှန်မှန်မီးခိုမအူနိုင်.....။ ဤတွင် ....၀န်ထမ်းတို့က ``အာဒိန်နဒါနာကံ`` အား မလုံခြုံကြတော့....။အချို့က ....အူမမတောင့်၍သီလအား မစောင့်ထိန်းနိုင်ကြ။ အချို့က ....အူမ တောင့်သထက်တောင့်ဖို့သီလအား ကျိုးကြခြင်းဖြစ်၏။ စက်ရုံမှူးမှသည် ရာသီချိန်ဝန်ထမ်းအထိ.....။ သီလကျိုးပုံချင်းက မတူကြ။ ဘီးလင်းသကြားစက်အတွင်း ``အဒိန်နဒါနာ``ပုံပြင်များက မရိုးနိုင်။ ရယ်မောဖွယ်ရာ၊ ရင်မောဖွယ်ရာများနှင့်.....။ ဦးဝင်းမြင့်က ဤသို့သော် ပုံပြင်များအား ကျနော်တို့ကို ပြောပြတတ်၏။
``မဂျစ်`` က ဘီးလင်းသကြားစက်မှ ၀န်ထမ်းတစ်ဦးဖြစ်သည်။ ၀န်ထမ်းဟုဆိုသော်လည်း အားကစားဖက်တွင် ထူးချွန်၍ စက်ရုံမှခန့်ထားခြင်းဖြစ်သည်။ မဂျစ်က ဘီးလင်းသကြားစက်အား ကိုယ်စားပြု၍ စက်မှု (၁)၀န်ကြီးဌာနတွင် ဘောလီဘောကစား၏။ ပွဲစဉ်များရှိလျှင် ကစားရပြီး၊ ပွဲစဉ်များမရှိသည့်အချိန်များတွင်မူ .....စက်ရုံတွင်အလုပ်ဆင်းရ၏။ အလုပ်ဆင်းရသည်ဆိုသော်လည်း အလုပ်အဆင်းအတတ်လက်မှတ်ထိုးပြီး စက်ရုံအတွင်း အားကစားရုံ၌ လေ့ကျင့်ရုံသာ....။ နေ့လည် ၁၂-နာရီထိုးလျှင် ....မဂျစ်သည်လည်း အခြားစက်ရုံဝန်ထမ်းများနှင့်အတူ ထမင်းစားဆင်း၏။ မဂျစ်က အားကစားသမားဝန်ထမ်းဖြစ်၍ စက်ရုံယူနီဖောင်းမ၀တ်။ အားကစားထရက်စွပ်ကိုသာ ၀တ်၏။ လက်တွင်မူ ဘောလီဘောဘော်လုံးအားပိုက်၍ထားသည်။ စက်ရုံဝန်ထမ်းများအားလုံး စက်ရုံအပြင်သို့ထွက်လျှင် စက်ရုံ၏ဂိတ်ဝ၌ အစစ်ဆေးခံကြရ၏။ အလုပ်သမားတို့က သူ့နည်းသူ့ဟန်နှင့် တစ်ခုခုတော့ ခိုးထုတ်ကြသည်ပင်။ စစ်ဆေးရေးဂိတ်ဝန်ထမ်းတို့နှင့်ကလည်း နားလည်မှုယူထားကြပြီးသား....။ စစ်ဆေးသူတို့ကလည်း တာဝန်ကျေသာ စစ်ကြ၏။ မဂျစ်က နေ့စဉ်နေ့လည် ထမင်းစားအပြင်ထွက်လျှင် တစ်ကြိမ်၊ ညနေအလုပ်ဆင်းလျှင် တစ်ကြိမ် တနေ့နှစ်ကြိမ်ဂိတ်မှ ထွက်ပြီး သကြားခိုးထုတ်၏။ သူခိုးထုတ်ပုံက ပိရိ၏။ သူ့လက်တွင်ပိုက်ထားသည့် ဘောလီဘောပုတ်သည့်ဘော်လုံးအား အပေါက်ငယ်ဖောက်၍ ဘော်လုံးအတွင်း သကြားအပြည့်အသိပ့်ထည့်ပြီး ခိုးထုတ်ခြင်းဖြစ်သည်။ တစ်ခေါက်လျှင် .....၃ပိဿာ....၃ပိဿာခွဲခန့်ပါ၏။
တနေ့.....ဘောလီဘောဘော်လုံးအားပိုက်ပြီး မဂျစ်အလုပ်ဆင်းရန် အလုပ်သို့ထွက်လာ၏။ ဘောလီဘောဘော်လုံးအတွင်း၌မူ သကြားတို့ကအပြည့်.....။ တစ်ယောက်ချင်းစစ်ဆေးခံပြီး ဂိတ်မှထွက်နေကြ၏။ မဂျစ်လည်း .....ဂိတ်ဝမှထွက်၍ အခြားအလုပ်သမားတို့နှင့်အတူ တန်းစီ၍ရပ်နေ၏။ ဂိတ်ဝမှ စက်ရုံမှူးလည်းစောင့်နေ၏။ စက်ရုံမှူးက စစ်တပ်မှ ဗိုလ်မှူးဖြစ်၏။ စစ်ယူနီဖောင်းဝတ်ပြီး သေနတ်ခါးကြားချိပ့်ကာ စက်ရုံတွင် စက်ရုံမှူးလာလုပ်နေသည့် စစ်သားဖြစ်၏။ ဂိတ်ဝသို့ မဂျစ်ရောက်လာ၏။ ဂိတ်တွင် တာဝန်ကျသည့် စစ်ဆေးသည့်သူက မဂျစ်လက်ထဲမှ ဘောလုံးအားယူ၍ အသာအောက်တွင်ချထားလိုက်၏။ သူတို့တွေက အတူတူ ဝေစားမျှစား များဖြစ်၍ အထာနှင့်ဘော်လုံးအားချထားလိုက်၏။ ပြီးလျှင် ....ဘာမျှမရှိသည့် မဂျစ်၏ခန္ဓာအား လက်နှင့်စမ်း၏။ စက်ရုံမှူးက မဂျစ်အားကြည့်၍နေသည်။ မဲပြောင်နေသော အသားအရေတွင် ချွေးတို့က ရွှဲနစ်၍နေသည်။ စွပ်ကျယ်ချိုင့်ပျက်၊ အားကစားဘောင်းဘီတိုနှင့် မဂျစ်၏ခန္ဓာသည် စက်ရုံယူနီဖောင်းအပြည့်နှင့်ဝန်ထမ်းလုပ်သားများအကြား၌ မြင်ရသည်မှာ စက်ရုံမှူးအတွက် မျက်စိနောက်စရာ ဖြစ်၍နေမည်။ ဤအထဲ၌.....ဂိတ်ပေါက်စောင့်သည့်လုံခြုံရေးဝန်ထမ်းက ....ထင်းထင်းရှင်းရှင်းမြင်နေရသော မဂျစ်၏ခန္ဓာအား အထက်အောက်နှံ့အောင် လက်နှင့် စမ်း၍ရှာနေပြန်၏။ စက်ရုံမှူးအဖို့မြင်ရသည့်မြင်ကွင်းက မသက်သာ....လုပ်နေကြပုံများက ဒေါသထွက်စရာ.....။ စက်ရုံမှူးကြီး၏ ဒေါသက မဂျစ်နှင့်ဂိတ်စောင့်ဝန်ထမ်းတို့မှတဆင့် ....မဂျစ်ဘေးတွင် ချထားသည့်ဘောလီဘောပုတ်သည့် ဘော်လုံးဆီသို့ ကူးသွား၏။ စက်ရုံမှူး၏ဒေါသက ပွင့်ထွက်၍လာပြီ.....။ ချထားသော ဘော်လုံးအား တအားကြုံး၍ကန်လိုက်၏........။
တစ်ဟားဟားရယ်ရင်းသူ၏ပုံပြင်အား အဆုံးသတ်၏။ ဦးဝင်းမြင့်၏ရယ်သံက ကျယ်ကျယ်လောင်လောင်.....။ မဂျစ်၏အဖြစ်ကိုပဲ ရယ်သည်လား....။ စက်ရုံမှူး၏အဖြစ်ကိုပဲ ရယ်သည်လား....။ ဖြစ်နေသည့်စံနစ်ကြီးကိုပဲ ရယ်သည်လား....။ မပြောတတ်....။ ဦးဝင်းမြင့်ကမူ ဟက်ဟက်ပက်ပက်၊နှစ်နှစ်ခြိုက်ခြိုက်ပင် ရယ်၏။
ဦးဝင်းမြင့်က ဘီးလင်းသကြားစက်က ၀န်ထမ်းဖြစ်၏။ သကြားပေါင် ဌာနစိတ်ကဖြစ်သည်။ အလုပ်ရုံစိတ်မှူး....။ ဖိုမင်ဖြစ်သည်။ ကျနော်တို့က ဦးဝင်းမြင့်အား မကြာမကြာမေးကြည့်မိတတ်၏။ စက်ရုံတွင် စက်ရုံမှူးမှအစ ရာသီချိန်နေ့စားဝန်ထမ်းအထိ တစ်နည်းမဟုတ် တစ်နည်းနှင့်ခိုးကြ၏။ ရာသီချိန်နေ့စားက ထမင်းဗူးတွင် ထည့်၍ခိုး၏။ အနည်းအများသာ ကွာကြ၏။ ဦးဝင်းမြင့်ကော အကြံအဖန်လေးဘာလေးမလုပ်ဘူးလား ဟူ၍ မေးကြည့်ကြ၏။ ထိုအခါ ဦးဝင်းမြင့်သည် မင်းတို့ ဒေါက်တာချေဂွေဗားရားကို ကြားဖူးတယ်မဟုတ်လား ဟု ပြန်၍ မေးမေးပြောပြော ပြန်ပြောတတ်သည်။ ပြီးလျှင် .... မင်းတို့ကို ချေဂွေဗားရားပြောတဲ့စကားတစ်ခွန်း ငါပြန်ပြောပြမယ်....ဟူ၍ ဒေါက်တာ ချေဂွေဗားရားပြောခဲ့သည့် လူတစ်ယောက်ချင်းစီမှာဖြစ်နေတဲ့ ရောဂါဝေဒနာကို ကုသပေးတာထက် လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ စွဲကပ်နေတဲ့ရောဂါဝေဒနာကို ပျောက်ကင်းအောင်ပဲ ကုသပေးချင်တယ် ....ဆိုသည့်စကားအား ဦးဝင်းမြင့်သည် ကျနော်တို့အား ပြော၏။ သူပြောသည်အား ကျနော်တို့ နားမလည်....။ ကျနော်တို့မေးသည့်အမေးနှင့် သူ၏အဖြေလွဲနေသည်ဟုပင် ကျနော်တို့ ထိုစဉ်က ထင်မိ၏။ ပြီးလျှင် .....ကျနော်တို့၏စိတ်၌ ဒါကြောင့်ပဲ သူ့ကို ``ကြောင်`` သည်ဟု လူပြောသူပြော ပြောကြတာကိုးဟု စိတ်၌တွေးထင်လိုက်မိ၏။

(ဃ)
ဦးဝင်းမြင့်က ဘီးလင်းသကြားစက်အလုပ်သမားများအတွင်း၌မူ လူထူးလူဆန်းတစ်ယောက်ဟုဆိုကြ၏။ သူ၏နေထိုင်မှုပုံစံ၊ ဘ၀နေဟန်နှင့် အများမိုးခါးရေသောက်နေကြသည့် အထဲ၌ သူက သန့်စင်သူ....။ ဤအတွက်ပင် သူ့အား အချို့က .....``ကြောင်``သည်ဟုပင် ဆိုကြ၏။ သူ့ကိုကြည့်လျှင် .....စက်ရုံယူနီဖောင်းအပြာရောင်၊ လျှာထိုးဦးထုပ်နှင့် အမြဲတွေ့ရမည်။ နံနက် ခုနှစ်နာရီခွဲ ဥသြဆွဲလျှင် သူသည် စက်ရုံဂိတ်ဝသို့ ရောက်ပြီ။ အလုပ်ချိန်အား တိကျ၏။ အပျော်အပါးအသောက်အစား ရမ်းကားမှုမရှိသဖြင့် အခြားလူမှုရေးပြဿနာဟူ၍မရှိ။ ကိုယ်ရေးကိုယ်တာကြောင့်ခွင့်ယူရသည်ဟူ၍လည်း ဦးဝင်းမြင့်တွင် မရှိဖူး.....။ စက်ရုံမှနေ၍ သူ၏ ပုဂလိကအကျိုးအတွက် အခွင့်အရေးယူသည်ဟူ၍ ``ချေးငွေ`` ထုတ်ချေးသည်ကိုပင် ထုတ်ချေးယူခြင်းမရှိ....။ ဤသို့သော် ဦးဝင်းမြင့်က ....သကြားထုတ်လုပ်သည့်စက်ဖွင့်ချိန်ကာလများတွင်မူ ....သူသည် လစဉ်ထုချေလွှာတင်ရ၏။ ပထမ... ဌာနတွင်း ထုချေလွှာတင်ရ၏။ ပြီးလျှင်မူ .....စက်ရုံမှူးထံသို့ပင် တိုက်ရိုက်ထုချေလွှာတင်ရပြန်၏။ တစ်ကြိမ်တွင်မူ သူ့အား ``ကျောက်တော်`` စက်ရုံသစ်သို့ပင် ပြောင်းရန် စက်ရုံမှူးက စီစဉ်သေး၏။ နောင်တွင်မူ မပြောင်းဖြစ်ခဲ့.....။ ဤစက်ရုံတွင်ပင် မြဲနေပြန်၏။ သူက .....ထုချေလွှာ တောင်းခံရမည်ဆိုလည်း တောင်းခံရလောက်ပေ၏။ ဘီးလင်းသကြားစက်က နိုင်ငံခြားပို့သည့် သကြားများအား ကြိတ်၏။ နိုင်ငံခြားပို့မည့်သကြားဖြစ်သည့်အတွက် အရည်အသွေးက စံချိန်စံညွှန်းမှီရန်လိုသည်။ ဖြူရမည်။ အပွင့်ညီရမည်။ ဘီးလင်းသကြားစက်က သကြားအပွင့်ဖြူစေရန် ချေးချွတ်ရာ၌ ``ကန့်`` ခိုးရိုက်၍ ချေးချွတ်သော နည်းကို သုံးသည်။ ``ကန့်``ခိုးရိုက်မှုမှန်လျှင် သကြားပွင့်တို့သည် ဖြူ၍အပွင့်လှမည်။ ``ကန့်``ခိုးရိုက်မှုအနည်းအများ မျှတစေဖို့လိုသည်။ ရေသန့်၊ သန့်စင်မှုကဲ့သို့ပင်....PH-7သည် ရေသန့်၌မျှခြေ.....။ ဤသို့ပင် သကြားသန့်စင်ရာ၌လည်း ``ကန့်``ခိုးရိုက်မှု မျှခြေအား သကြားပေါင်းဌာနတွင် တာဝန်အလှည့်ကျသည့် အလုပ်ရုံစိတ်မှူးဖိုမင်၏ကျွမ်းကျင်မှုသည် အရေးကြီး၏။ ကန့်ခိုးပေးမှုတွင် မပိုကြေး-မလိုကြေး ဖြစ်ရန်လို၏။ အဆုံးအဖြတ်က တာဝန်ကျသည့် အလုပ်ရုံစိတ်မှူးဖိုမင်၏ တာဝန်ပင်ဖြစ်သည်။ ကန့်ခိုးပေးမှုအပို-အလိုဖြစ်ပါက သကြားသည် ညိုမည်။ ကြေမည်။ ၈-နာရီအလုပ်ချိန်တွင် သကြားပေါင်းအိုး ၃-အိုးမှ ၅-အိုးအထိ ပေါင်းနိုင်၏။ တန်ချိန်အားဖြင့် ၁၀-တန်မှ ၁၅-တန်အထိ ကျသည်။ တာဝန်ကျ ဖိုမင်၏ ကန့်ခိုးပေးမှု အပို-အလိုရှိခဲ့ပါက သကြားတန်ချိန်၁၀-တန်မှ ၁၅-တန်အထိ ပျက်နိုင်သည်။ ပျက်သည်ဆိုသည်က .... နိုင်ငံခြားပို့မည့် သကြားစံချိန်စံညွှန်းမမှီခြင်းကို ဆိုလိုသည်။ ဦးဝင်းမြင့်ထုချေလွှာတင်ရသည်များက ဤကိစ္စတွင်ပင်ဖြစ်သည်။ သကြားပေါင်းဌာနတွင်းလုပ်သက် နှစ်အစိတ်ခန့်ရှိသည့် ဖိုမင်ကြီးသည် သကြားစက်မှ နိုင်ငံခြားပို့မည့်သကြားများအား ပေါင်းသည့် အချိန်တိုင်း၌အမြဲ ထုချေလွှာတင်ရ၏။

(င)
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲပြီးသည့်နောက်.....(၅/၉၀)အရေး အခြေအတင် ငြင်းခုံ၍နေကြဆဲမှာပင် ကျနော် မာနယ်ပလောသို့ ထွက်ခွာခဲ့၏။ ``တော်လှန်ရေးသည် ငါတို့ကျောင်း....ငါတို့တက္ကသိုလ်`` ဟူသော ကြွေးကြော်သံအားခံယူရင်း ......``အောင်မြေကွင်း```၌ တစ်နှစ်ပြီးတစ်နှစ်ကြီးပြင်းခဲ့၏။ ပိတောက်တို့က အလီလီပွင့်ခဲ့လေပြီ။ ဦးဝင်းမြင့်၏အိမ်ရှေ့ ပိတောက်ပင်ပျိုသည်လည်း ယခုဆိုမူ အုပ်အုပ်ဆိုင်းဆိုင်းနှင့်ညိုမှိုင်း၍နေလေမည်လား.....။ မပြောတတ်။ ဦးဝင်းမြင့်က ယခုဆိုလျှင် ....၀န်ထမ်းအိမ်ယာလေး၌....အငြိမ်စားပင်စင်အိုကြီးတစ်ဦးအဖြစ် ရှင်သန်နေထိုင်လျက်ပင် ရှိနေဦးမည်လား....။ ယခုကဲ့သို့ နတ်တော်၊ပြာသိုလများတွင် ကျနော် ဦးဝင်းမြင့်အား အမှတ်ရမိတတ်၏။ ဤလများက ....သကြားစက်တွင် သကြားထုတ်လုပ်သည့်လများ....။ ရာသီချိန်စက်လည်သည့်လများ....။ ဟိုယခင်က ထိုလများတွင် ဦးဝင်းမြင့်သည် လစဉ်လိုလိုပင် ထုချေလွှာရေးတင်ခဲ့ရ၏။ နိုင်ငံခြားပို့မည့် သကြားများ စံချိန်၊စံညွှန်းမမှီသည့် ထုတ်လုပ်မှုကိစ္စကြောင့်ဖြစ်သည်။ သူ့အကြောင်းက ထိုစဉ်ကမူ ဘီးလင်းသကြားစက်ဝန်ထမ်းများအကြား ထူးဆန်းခဲ့၏။ သူ၏ထုချေလွှာအရေးက မဟေဋ္ဌိဆန်ခဲ့၏။ အမှန်တွင်မူ ....သူက သူ့အလုပ်သူလုပ်နေခဲ့ခြင်းသာ....။ သူကား.....အာခီလိ(စ်)၏ဖနှောင့်အား ရှာတွေ့ခဲ့သူ....။

မင်းဆွေသစ်

No comments:

Post a Comment